မိုဘိုင်းဟန်းဆက်ဝယ်လျှင် အတုအပ သတိပြု
သင်းသဒ္ဒါထက်
နိုင်ငံတော်နှင့် အစိုးရဌာနများအနေဖြင့် ပြည်သူများအတွက် မိုဘိုင်းလက်ကိုင်ဖုန်း/ မိုဘိုင်းဟန်းဆက်များ၏ IMEI များကို CEIR စနစ်တွင် ကြိုတင်မှတ်ပုံတင်နိုင်ရေးကာလတစ်ခု သတ်မှတ်ခွင့်ပြုထားပါသည်။
ကြိုတင်မှတ်ပုံတင်ခြင်းကိစ္စများမတိုင်မီ နိုင်ငံပိုင်သတင်းစာများတွင် ဆောင်းပါးများဖော်ပြခြင်း၊ မြန်မာ့အသံ၏ လူမှုစီးပွားအစီအစဉ်များမှ အသံလွှင့်ခြင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ပြည်တွင်းအခွန်များဦးစီးဌာန၊ အခွန်ဦးစီးမှူးများက အသိပညာပေးဟောပြောပွဲများ ကျင်းပခြင်း၊ ဆိုရှယ်မီဒီယာပေါ်တွင် IMEI များကို CEIR တွင် မည်ကဲ့သို့ မှတ်ပုံတင်နိုင်သည်ကို အသိပညာပေး ခြင်း၊ ပြည်တွင်းအခွန်များဦးစီးဌာန၏ Call Center နံပါတ်များဖြစ်သော ၁၅၇၇ နှင့် ၁၇၅၅ သို့ စိတ်ဝင် တစားမေးမြန်းခြင်းများ ဆောင်ရွက်ကြကြောင်း သိရှိရသဖြင့် နိုင်ငံသားများ စိတ်ဝင်စားမှုမြင့်မားသောစနစ်တစ်ခုဖြစ်ကြောင်း တွေ့မြင်ရပါသည်။
ကြိုတင်မှတ်ပုံတင်နိုင်ရေးကာလသည် ၂၀၂၆ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ကုန်ဆုံးမည်ဖြစ်ရာ အများလက်ဝယ်ရှိ မိုဘိုင်းဟန်းဆက်များအတွက် စိုးရိမ်ကြောင့်ကြမည်မလွဲ ဖြစ်ပါသည်။
ပါကစ္စတန်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ နိုင်ဂျာ၊ ကင်ညာနှင့် တောင်အာဖရိကနိုင်ငံတို့တွင် မိုဘိုင်းလက်ကိုင် ဖုန်းအတုကိစ္စ၊ နည်းပညာအခက်အခဲ၊ အော်ပရေတာ ကြီးကြပ်သည့်ဌာနများမှ ပူးပေါင်းပါဝင်မှုနည်းခြင်း၊ အခွန်ပေးဆောင်ရန်နှင့် စနစ်ပိုင်းအခက်အခဲများကြောင့် စတင်ချိန် အဆင်မပြေမှုများရှိခဲ့ကြောင်း လေ့လာတွေ့ရှိရပါသည်။
CEIR စနစ်က မိုဘိုင်းဟန်းဆက်အတုကို စစ်ဆေးနိုင်သလား
၂၀၂၆ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစ၍ မိုဘိုင်း လက်ကိုင်ဖုန်းများဖြင့် မိုဘိုင်းအော်ပရေတာများဖြစ်သော MPT၊ Atom၊ U9 နှင့် MyTel ဆင်းကတ်များဖြင့် အသုံးပြုပါက စနစ်မှမှတ်ပုံတင်ထားခြင်းရှိ မရှိ စစ်ဆေးခြင်းကို စတင်ဆောင်ရွက်မည်ဖြစ်ပါသည်။ ပြည်သူများအနေဖြင့် မိုဘိုင်းလက်ကိုင်ဖုန်း ဟန်းဆက်အသစ် ဝယ်ယူရာတွင်ဖြစ်စေ၊ အသုံးပြုပြီး မိုဘိုင်းလက်ကိုင်ဖုန်း (ဟန်းဆက်အဟောင်း) ဝယ်ယူချိန်တွင်ဖြစ်စေ စံချိန်မမီသော မိုဘိုင်းလက်ကိုင်ဖုန်း (Fake / Clone Handset) ဖြစ်လျှင် စနစ်၏ ရည်ရွယ်ချက်အတိုင်း အသုံးပြု၍မရစေရန် စနစ်မှပိတ်သိမ်းသွားမည်ဖြစ်ပါသည်။
သို့ဖြစ်ရာ စနစ်မှစံချိန်မမီသော မိုဘိုင်းလက်ကိုင်ဖုန်း (Fake / Clone Handset)ကို မည်ကဲ့သို့သတ်မှတ်ကြောင်း အများပြည်သူသိရှိစေရန် စုစည်းတင်ပြသွားပါမည်။ CEIR တွင် မှတ်ပုံတင်ခြင်း အတွက် နိုင်ငံပိုင်သတင်းစာတွင် ဆောင်းပါးများ ဖော်ပြခြင်းနှင့် မြန်မာ့အသံလူမှုစီးပွားအစီအစဉ် များမှ အသံလွှင့်ချက်အရ IMEI နံပါတ်များ သတ်မှတ်ရခြင်း၏ ရည်ရွယ်ချက်မှာ စံချိန်စံညွှန်းနှင့်ကိုက်ညီသော မိုဘိုင်းဟန်းဆက်များနှင့် သက်ဆိုင်သည့် အချက်အလက်များကို မိုဘိုင်း ဟန်းဆက်ကုမ္ပဏီ/ ထုတ်လုပ်သူ (Maker)၊ အမှတ်တံဆိပ် (Brand)၊ မော်ဒယ် (Model)၊ ထုတ်လုပ်သည့်နိုင်ငံ စသည့်အချက်များကို သိရှိနိုင်ရန် ခွဲခြားသတ်မှတ်ထားခြင်းဖြစ်ကြောင်း၊ IMEI နံပါတ် သည် မိုဘိုင်းလက်ကိုင်ဖုန်းထုတ်လုပ်သည့်အချိန်ကတည်းက ဖုန်း၏ Firmware မှာ ရေးသားထည့်သွင်းထားသော အချက်အလက်များဖြစ်ပြီး ဖုန်းပိုင်ရှင်၏ အမည်၊ လိပ်စာ၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် သို့မဟုတ် SIM ကတ်/ ဖုန်းနံပါတ် အစရှိသော အသုံးပြုသူနှင့်သက်ဆိုင်သော အချက်အလက်များ ပါဝင်ခြင်းမရှိပါဟု ဖော်ပြထားသည့်အတွက် IMEI တွေကို မူရင်းကုမ္ပဏီ/ ထုတ်လုပ်သူများက GSM Association-GSMA တွင် စာရင်းထားရှိပြီးဖြစ်သည်ကို ဦးစွာသိရှိရန် လိုအပ်ပါသည်။
IMEI စနစ်တည်ဆောက်သည့် နိုင်ငံတိုင်းက ဖုန်းအတု (မူရင်းထုတ်လုပ်သူက ထုတ်လုပ်ခြင်း မဟုတ်သောဖုန်း) များကို နောက်ဆုံးထုတ်ပြန်ထားသည့်စာရင်းနှင့် တိုက်ဆိုင်စစ်ဆေးပြီး ခွဲခြားနိုင်သည်ဟု ဆိုနိုင်ပါသည်။ ပြည်တွင်းအခွန်များဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှစ၍ မိုဘိုင်းလက်ကိုင်ဖုန်း (Handset) အသစ်ဝယ်ယူချိန်တွင်ဖြစ်စေ၊ အသုံးပြုပြီးသား မိုဘိုင်းလက်ကိုင်ဖုန်း (Second-hand Handset) ဝယ်ယူချိန်တွင်ဖြစ်စေ၊ ဝယ်ယူမည့် မိုဘိုင်းလက်ကိုင်ဖုန်း (Handset) သည် IMEI မှန်ကန်မှု ရှိ မရှိ (စံချိန်မမီသော မိုဘိုင်းလက်ကိုင်ဖုန်းများ (Fake / Clone Handset) ဟုတ် မဟုတ် စစ်ဆေးရန်လိုအပ် သည်ဟု ဖော်ပြထားချက်က မူရင်းထုတ်လုပ်သူ ထုတ်လုပ်ခြင်း ဟုတ် မဟုတ် စနစ်က စစ်ဆေးသွား မည်ဟု ဆိုလိုခြင်းဖြစ်ပါသည်။
ဘာကြောင့် စံချိန်မမီသော မိုဘိုင်းလက်ကိုင်ဖုန်း (Fake/ Clone Handset) ဖြစ်ရသလဲ
နိုင်ငံအချို့၌ ဖုန်းဟောင်းအပျက်များထဲမှ အစိတ်အပိုင်းများကို ယူပြီးအသစ်ပြန်လုပ်သည့် အိမ်တွင်းမှုလုပ်ငန်းများ ရှိတတ်ပါသည်။
တချို့ဆိုလျှင် မူရင်းမိုဘိုင်းဖုန်းအခွံကို အတွင်းဆားကစ်ဘုတ်များထည့်ပြီး ဖုန်းအသစ်ကဲ့သို့ ပြန်ရောင်းခြင်း၊ ဆားကစ်ဘုတ်များကို ဝယ်ယူပြီး ဒီဇိုင်းအသစ်ဖြင့် နာမည်အသစ်တပ် ဈေးကွက်အတွင်း ဖြန့်ချိရောင်းချခြင်းစသည်ဖြင့် အများကြီး ရှိခဲ့ပါသည်။ တရားဝင်တင်သွင်းသော အရည်အသွေးရှိ ဖုန်းများက ဈေးယှဉ်ရောင်းရန် ခက်ခဲသဖြင့် အခွန်ဆောင်ပြီး တရားဝင်လမ်းကြောင်းမှ ဝင်ရောက်မှုနည်းလာကြောင်း သိရှိရပါသည်။ ယင်းဖုန်းများကို CEIR စနစ်တွင် အတုအဖြစ် ဖော်ပြ နိုင်ပါသည်။
ဒုတိယနည်းလမ်းအနေဖြင့် ဖုန်းပြင်သူများက ဖုန်း၏ Firmware ဟု ခေါ်သည့် ကိုယ်တိုင်ထုတ်လုပ် ခြင်းလည်း မဟုတ်၊ အာမခံချက်လည်းမရှိသည့် ဆော့ဝဲကို ဖုန်းပြင်ရင်း အလွယ်တကူရေးပေးလိုက် လေ့ရှိပါသည်။ ယင်းမှာ မူရင်းစက်ရုံမှ ထုတ်သည့် Firmware တွင်ပါသော IMEI ကို ပြင်ဆင်လိုက်ခြင်း ဖြစ်၍ စာရင်းစစ်လျှင် CEIR စနစ်၌ အတုအဖြစ်ပေါ်လာမည်ဖြစ်ပါသည်။ ထို့အပြင် CEIR စနစ်အတွက် အခွန်ကင်းလွတ်ကာလရက် ၃၀ အတွင်း အချို့ IMEI ကိုစနစ်နှင့် မိုဘိုင်းဖုန်းတစ်လုံးချင်းစီ ထည့်စစ် ခြင်းထက်မိုဘိုင်းဖုန်းဘူးခွံပါ IMEI ကို အိုင်တီ နည်းပညာဖြင့် ကျော်လွှားသည်ကို တွေ့ရှိရပါ သည်။ ဖုန်းဆင်းကတ်တစ်ခုတည်းဖြင့် IMEI အများဆုံး နှစ်သောင်းကျော်အထိ မှတ်ပုံတင်မှုရှိသည်ဟု သိရှိရပါသည်။ ဆောင်းပါးများတွင် ဖော်ပြထားသကဲ့သို့ IMEI ဆိုသည်မှာ မိုဘိုင်းဖုန်း၏ သီးခြားသတ်မှတ်သည့် ကုတ်နံပါတ်ဖြစ်ပြီး မသမာသူများလက်ထဲရောက်ရှိစေခြင်းနှင့် ရောက်ရှိနေခြင်းက အွန်လိုင်းလိမ်လည်သူများထံတစ်ဆင့် ရောင်းချခြင်းရှိ မရှိ မသိနိုင်ပါ။ မိုဘိုင်းအော်ပရေတာကွန်ရက် ထဲတွင် IMEI နံပါတ်တူများ ရှိလာနိုင်ပြီး အသုံးပြုသည့်အချိန် ဖုန်းတွင် အဆင်မပြေမှုများရှိခဲ့ ကြောင်း ပါကစ္စတန်နိုင်ငံအတွေ့အကြုံအရ သိရှိနိုင် ပါသည်။
အရင်ကတည်းကသုံးနေသည့်အတုများကို ဆက်သုံးနိုင်မလား အတုကို နောက်ဝယ်မိရင် သုံးနိုင်မလား
၂၀၂၆ ခုနှစ် ဧပြီလ ၁ ရက်နေ့မတိုင်မီ ဖုန်းအတု (မူရင်းထုတ်လုပ်သူက ထုတ်လုပ်ခြင်းမဟုတ်သော ဖုန်း)များရှိသော်လည်း ခြွင်းချက်ပြုကာလအတွင်း ဖြစ်၍ ဆက်လက်အသုံးပြုနိုင်ပါသည်။ ၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ ကာလအတွင်း CEIR စနစ် ရှိခွင့်ပြုစာရင်း (Whitelist)တွင် အလိုအလျောက် ထည့်သွင်းနေစဉ် တွေ့ရှိရသည့် စံချိန်မမီသော မိုဘိုင်းလက်ကိုင်ဖုန်း(Fake/Clone Handset)များကို ပြည်သူများ နစ်နာမှုမရှိစေရန်အတွက် ခြွင်းချက်အနေဖြင့် အသုံးပြုလျက်ရှိသည့် SIM Card Code No.(IMSI) နှင့် ယှဉ်တွဲ၍CEIR စနစ်တွင် သိမ်းဆည်းပြီး သုံးနှစ်ဆက်လက် အသုံးပြုခွင့်ပေး သွားမည်ဟု ဖော်ပြထားပါသည်။
တစ်ဆက်တည်း ၂၀၂၆ ခုနှစ် ဧပြီ ၁ ရက်နေ့မှ စ၍ စံချိန်မမီသော မိုဘိုင်းလက်ကိုင်ဖုန်း (Fake /Clone Handset) များကို CEIR စနစ်တွင် အမည်စာရင်း (Blacklist) ထည့်သွင်းပြီး မိုဘိုင်းဆက်သွယ် ရေးကွန်ရက်တွင် အသုံးပြုခွင့်အား တားဆီးပိတ်ပင်သွားမည်ဖြစ်ပါသည်ဟု ဆက်လက်ဖော်ပြခြင်းက အချို့နိုင်ငံများတွင် မိုဘိုင်းလက်ကိုင်ဖုန်းအတုကြောင့် စနစ်နှောင့်နှေးခြင်းမဖြစ်ရန် ကာကွယ်ထားခြင်းဖြစ်ကြောင်း သိရှိနိုင်ပါသည်။ ဟန်းဆက်အတုလက်ဝယ်ရှိသူက အတုဖြစ်ကြောင်းသိသည့်အချိန် အခြားတစ်ဦးကို ရောင်းချခြင်းမှ ကာကွယ်နိုင်ရန် အခြားနိုင်ငံများတွင် ဆောင်ရွက်သကဲ့သို့ မှတ်ပုံ တင်ထားသည့် ဆင်းကတ်မှလွဲ၍ အခြားဆင်းကတ်ဖြင့် အသုံးပြုနိုင်ခြင်းမရှိအောင် ကြိုတင်တားမြစ်ထားသည်ဟု သိရပါသည်။ သို့ဖြစ်ရာ အခွန်ပေးဆောင်ထားပြီး CEIR စနစ်တွင် ခွင့်ပြုစာရင်းဝင်သည့် မိုဘိုင်းလက်ကိုင်ဖုန်း (Handset) ဟုတ်/မဟုတ်နှင့် ဆက်သွယ်မှုရပ်ဆိုင်းထားသော (Block ပြုလုပ်ထားသော) မိုဘိုင်းလက်ကိုင်ဖုန်း(Handset) ဟုတ်/မဟုတ်စစ်ဆေးရန် လိုအပ်မည်ဖြစ်ပါသည်။
ယခုသတ်မှတ်ချက်ကြောင့် ရရှိလာမည့်အကျိုးကျေးဇူးများ
၂၀၂၆ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစ၍ စံချိန်စံညွှန်းနှင့် ကိုက်ညီသော ဖုန်းများအတွက် (နိုင်ငံအတွင်းသို့ လာရောက်သူများအပါအဝင်) မိုဘိုင်းလက်ကိုင်ဖုန်းတွင် မိုဘိုင်းအော်ပရေတာများဖြစ်သော MPT၊ Atom၊ U9 နှင့် MyTel ဆင်းကတ်ထည့်လိုက်သည့်အချိန်တွင် စနစ်မှ ကြိုတင်မှတ်ပုံတင်ထားခြင်း မရှိ ကြောင်းသိရှိပြီး အခွန်ပေးဆောင်ခြင်းမပြုမီ ယာယီသုံးစွဲခွင့်ကာလ(Grace Period) အနေဖြင့် စတင်ချိတ်ဆက်အသုံးပြုချိန်မှ ရက်ပေါင်း ၃၀ အသုံးပြုခွင့်ပေးသွားမည်ဖြစ်ပြီး အခွန်ပေးဆောင်ရမည်ဖြစ်ကြောင်း သက်ဆိုင်ရာဖုန်းနံပါတ်သို့ SMS ပေးပို့အသိပေးအကြောင်းကြားမည်ဖြစ်ပါသည်ဟု ဖော်ပြထားသည့်အတွက် နိုင်ငံအတွင်း ဖုန်းအတုတွေ ဝင်ရောက်ခြင်းမှ ကာကွယ်ထားပါသည်။
အချုပ်အားဖြင့် CEIR စနစ်သည် အများပြည်သူအတွက် ဝန်ဆောင်မှုအသွင်ဖြင့် နိုင်ငံသူ နိုင်ငံသား များအား အရည်အသွေးမီသော မိုဘိုင်းဟန်းဆက်များကို အသုံးပြုနိုင်ခြင်း၊ မိုဘိုင်းဟန်းဆက်အတုအပအသုံးပြုမှုများ တဖြည်းဖြည်း (နောင်သုံးနှစ်အတွင်း)ပပျောက်စေခြင်းနှင့် ဆက်သွယ်ရေးနည်းပညာအသုံးပြု လိမ်လည်ခြင်းလျော့ပါးစေရန် သက်ဆိုင်ရာဌာနများမှ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ပြည်သူအကျိုးကို ရှေးရှုသော ပြည်သူ့ဝန်ဆောင်မှုအဖြစ် ပေါ်ထွန်းလာခြင်းဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။
